Saturday, June 14, 2014
ဖိနှိပ်ခံ
ဖိနှိပ်ခံ
ထောက်ပံ့ခြင်း
သယ်ပိုးခြင်း
ကျိုးနွံ့ခြင်း စတဲ့
ရသတွေ ပြည့်နေတဲ့
ငါ့ရဲ့ ပါးပြင်။
ငါ့ရဲ့ ခြေတစ်စုံက
ငါ့ရဲ့ ခြေတစ်စုံကို
အားပြုလျှက်။
အနာခံရသော်လည်း
အသာမစံမိ
ငါသည်
ထိုင်ခုံတစ်လုံးဖြစ်၏။ ။
ထက်ညီမောင်
အရောင်
အရောင်
ဆံပင်က ကာလာစုံ
မျက်တောင်
အင်း ဟုတ်တယ်
မျက်တောင်က
အမည်းရောင်
မျက်ခွံပေါ်မှာ
တစ်ချို့ကိုပြာထားတယ်
သူ့တို့အောက်မှာ
အနီရောင်တစ်စု
နေရာယူတယ်
သူတို့အားလုံး
အရောင်တွေမဟုတ်ကြ
သို့သော်
အရောင်တွေသာချည်း။ ။
ထက်ညီမောင်
ကြံပင်
ကြံပင်
စောင်းရှတဲ့
သစ်ရွက်စိမ်းတွေ
ဖန်တီးပေးဖို့အတွက်
သူတို့ရဲ့ချိုမြတဲ့ပင်စည်ကို
စတေးကြရတယ်။
ချိုမြတဲ့ပင်စည်ကို
စတေးရပြန်တယ်
စားကောင်းတဲ့
အချိုပွဲတွေအတွက်။
စားကောင်းတဲ့
အချိုပွဲတွေအတွက်
ကိုယ်ပိုင်နာမည်ကို
စတေးရပြန်ပါတယ်။ ။
ထက်ညီမောင်
နေတစ်စင်း၏ခံစားချက်
နေတစ်စင်း၏ခံစားချက်
အလင်းရောင်ပဲ ပေးချင်တာပါ။
အလင်းရောင်တွေက
မပူတွေ ဖြစ်စေခဲ့တယ်ဆိုရင်
ရိုးသားစွာ ကြေကွဲပါ့မယ်။ ။
ထက်ညီမောင်
ခင်ဗျား နဲ့ ကျွန်တော်
ခင်ဗျား နဲ့ ကျွန်တော်
ကျွန်တော့်ရဲ့ ဝှက်ဖဲကို
ခင်ဗျား ယူကြည့်ခွင့်ရှိပါတယ်။
ဒါပေမယ့်
ကျွန်တော့်ရဲ့ ညနေခင်းကိုတော့
ကဗျာတွေမရေးကြပါနဲ့။ ။
ထက်ညီမောင်
မသိကိန်းများ
မသိကိန်းများ
နားမလည်တာကို
နားမလည်စွာ
ခံစားခဲ့ရတာ
ခုဆို
ခရေတွေတောင် ကြွေပြန်ပေါ့။ ။
ထက်ညီမောင်
နှစ်ကိုယ့်တစ်စိတ်
နှစ်ကိုယ့်တစ်စိတ်
အချစ်ကို ခံစားတတ်တဲ့
ငှက်များ
ကြာရှည်စွာ အသက်မရှည်။
နေရောင်လာမှ ပွင့်သောပန်းများ
မနက်ဖြန်ကို
တွေးကြောက်နေကြသည်။
အသင်ခိုးယူခဲ့သော ဖိနပ်တစ်ဖက်
ကျွန်ုပ်တွင် ညာဖက်ဖိနပ်
ကျန်ခဲ့သောကြောင့်။ ။
ထက်ညီမောင်
ထက်ညီမောင်
Subscribe to:
Posts (Atom)